ရာသီသွေးထိန်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ?
ရာသီသွေးထိန်စေတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အကြောင်းအရင်း အများစုကတော့ စိုးရိမ်စရာ မရှိပါဘူး။ ကိုယ်ဝန်ရှိနေချိန်မျိုးမှာလည်း ရာသီသွေးမဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။
တကယ်လို့ ကိုယ်ဝန်ရှိနေတာလည်း မဟုတ်ဘူး။ နေရထိုင်ရတာလည်း ပုံမှန်ပဲ ရာသီသွေးမပေါ်တာက ၁ လ ၂ လ လောက်ပဲ ရှိသေးတယ်ဆိုရင်တော့ စိတ်ပူစရာ မလိုသေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ရှိနေတာလည်း မဟုတ်ဘဲ ရာသီထိန်နေတာက ၃ လ က ၆ လအထိရှိပြီ ဆိုရင်တော့ အခြားလက္ခဏာမရှိရင်တောင် ကုသဆွေးနွေးမှု လုပ်ဆောင်ဖို့ လိုပါမယ်။
ရာသီသွေးထိန်တာက ပုံမှန်အားဖြင့် စိုးရိမ်စရာ မရှိသလို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့်လည်း မဟုတ်ပါဘူး။ ရာသီသွေးထိန်စေတဲ့ အကြောင်းအရင်းတွေက
- ကိုယ်ဝန်ရှိနေတာ - ကိုယ်ဝန်ရှိနေမယ်ဆိုရင်လည်း ကလေးလေးကို မမွေးဖွားခင်အထိ ရာသီသွေးမပေါ်တာမျိုး ဖြစ်နိုင်ပါတယ်။
- ကလေးနို့ချို တိုက်ကျွေးနေတာ - ကလေးကို မိခင်နို့ တိုက်ကျွေးနေတာကြောင့် ရာသီသွေးထိန်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကလေးကို မိခင်နို့တိုက်ကျွေးတာ ရပ်လိုက်ချိန်မှာ ပုံမှန်အတိုင်း ရာသီပြန်ပေါ်မှာပါ။
- သွေးဆုံးတာ - အသက် ၅၁ နှစ်အထက် ဖြစ်လာပြီး သွေးဆုံးချိန် ရောက်သွားတာကြောင့်လည်း ရာသီသွေး မပေါ်တော့တာ ဖြစ်နိုင်ပါတယ်။
- သားဆက်ခြားနည်း တစ်ရပ်ရပ် - သားဆက်ခြားနည်း တစ်ခုခု အထူးသဖြင့် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်း အသုံးပြုထားတာကလည်း ရာသီသွေးထိန်စေတဲပ အကြောင်းအရင်းတစ်ခုပါ။ များသောအားဖြင့် progestogen တစ်မျိုးတည်းပါတဲ့ သားဆက်ခြားသောက်ဆေး (POP) သောက်တာ၊ သားအိမ်ထဲကို ကွင်းထည့်တာ၊ progestogen ပါတဲ့ သန္ဓေတား ထိုးဆေး ထိုးတာ၊ progestogen ပါတဲ့ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း ထည့်ထားတာတွေကြောင့် ရာသီသွေး ထိန်နိုင်ပါတယ်။
- စိတ်ဖိစီးမှု - စိတ်ဖိစီးမှုက ဦးနှောက်ရဲ့ ဟော်မုန်း ထုတ်လွှတ်ဖို့ ထန်းချုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်တွင်းမှာ ဟော်မုန်း ကမောက်ကမဖြစ်ခြင်းကလည်း ရာသီသွေး ထိန်စေနိုင်ပါတယ်။
- ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာ - ကိုယ်အလေးချိန် ရုတ်တရက် ကျသွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာတွေကလည်း ရာသီသွေးထိန်စေနိုင်ပါတယ်။
- လေ့ကျင့်ခန်း အလွန်အကျွံ လုပ်တာ - လေ့ကျင့်ခန်း အလွန်အကျွံ လုပ်တာက ကိုယ်အလေးချိန်အပေါ်မှာတင် သက်ရောက်တာ မဟုတ်ပါဘူး။ ရာသီစက်ဝန်းအပေါ်မှာပါ သက်ရောက်နေတာပါ။
- သားဥအိမ်ရေအိတ်တည်ခြင်း (PCOS) - သားဥအိမ်ရေအိတ်တည်ခြင်း (PCOS) ခံစားနေရတာက ရာသီသွေး ခဏခဏ ဆင်းတာကို ဖြစ်စေနိုင်သလို ရာသီသွေး မမှန်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။
- ဟော်မုန်း ပြဿနာ - သိုင်းရွိုက် ကျန်းမာရေးပြဿနာကြောင့် ကိုယ်တွင်းမှာ သိုင်းရွိုက်ဟော်မုန်း များလွန်းတာ၊ နည်းလွန်းတာတွေကြောင့်လည်း ရာသီသွေး ထိန်နိုင်ပါတယ်။
- သောက်သုံးနေရတဲ့ ဆေးဝါးတွေ - ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးတွေ သောက်သုံးနေတာ၊ ကင်ဆာကြောင့် ဆေးသွင်းနေရတာ၊ ဓာတ်ကင်နေရတာတွေကြောင့်လည်း ရာသီသွေးထိန်တာမျိုး ဖြစ်စေနိုင်ပါတယ်။
- မျိုးဗီဇ ပြဿနာ - မျိုးရိုးလိုက်တာမျိုးပါ။ မိဘမျိုးရိုးထဲမှာ ရာသီသွေးထိန်တာမျိုး ရှိတာကြောင့် ရာသီသွေးထိန်တာကို ခံစားရတာပါ။
Ref:
https://patient.info/womens-health/periods-and-period-problems/missed-periods
https://www.nhs.uk/conditions/stopped-or-missed-periods/
ရေးသားသူ - မွန်မွန်